Wq/my/သိန်းစိန်

From Wikimedia Incubator
< Wq‎ | my
Wq > my > သိန်းစိန်

အဂ္ဂမဟာသရေစည်သူဦးသိန်းစိန် (၂၀ ဧပြီ ၁၉၄၅ မွေးဖွား)သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်ပြီးနောက် နိုင်ငံတော် သမ္မတဖြစ်သည်။

အဆိုအမိန့်များ[edit | edit source]

  • အစိုးရ အဖွဲ့သစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ် ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာအောင် ဝိုင်းဝန်ကြိုးပမ်း လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ဖို့အတွက် ဆိုရင် ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အသီးသီးရဲ့ လုပ်ငန်းစဉ် များဟာ ပွင့်လင်းမှု ရှိရပါမယ်၊ တာဝန်ခံမှု ရှိရပါမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ ကိုက်ညီမှု ရှိရပါမယ်၊ ပြည်သူလူထု ဆန္ဒ သဘောထားကို အလေးထား ရပါမယ်၊ အားလုံး ပါဝင်နိုင်မှု ရှိရပါမယ်၊ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းများဟာ သွက်လက်ပြီး ထိရောက်မှု ရှိဖို့ လိုအပ်ပါတယ်။
  • အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများ ဘက်ကလည်း အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြစ်စေ၊ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို အကောင်အထည် ဖော်ရာမှာ ဖြစ်စေ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို ဟန့်တားပိတ်ပင် သကဲ့သို့ မဖြစ်စေဘဲ၊ အဲဒီ အခွင့်အရေး များကို နည်းမှန်လမ်းမှန်နဲ့ ပြည်ထောင်စုရဲ့ အကျိုးစီးပွား၊ လူမှု အဖွဲ့အစည်းရဲ့ အကျိုးစီးပွား များကို မထိခိုက်စေဘဲ ကျင့်သုံးနိုင်အောင် ကူညီထိန်းကျောင်း ပေးဖို့ အတွက်သာ ရည်ရွယ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
  • တရားစီရင်ရေး အဖွဲ့အစည်းများ အနေနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် လုပ်ဆောင်ရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အညီ လွတ်လပ်စွာ တရား စီရင်ရေး၊ ဥပဒေအရာ ကန့်သတ်ချက် များမှအပ ပြည်သူ့ ရှေ့မှောက်တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေး ဆိုတဲ့ တရားစီရင်ရေး မူများအတိုင်း ရပ်တည် လုပ်ဆောင်သွားဖို့ လိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ကို စာချွန်တော် အမိန့်များ ထုတ်ဆင့်ခွင့် အာဏာအပ်နှင်း ပေးထားသလို မြန်မာနိုင်ငံ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကိုလည်း ဖွဲ့စည်း ပေးထားပြီး ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်း များဟာ နိုင်ငံတော်ရဲ့ အဓိက မဏ္ဍိုင်ကြီး သုံးခုအနက် တစ်ခု အပါအဝင် ဖြစ်တဲ့ တရား စီရင်ရေး မဏ္ဍိုင် မယိမ်းယိုင် ရအောင် ထိန်းသိမ်းစောင့်ရှောက် သွားရမှာ ဖြစ်သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များကို အဓိပ္ပါယ် ဖွင့်ဆိုခြင်း၊ ဥပဒေပြု အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း များရဲ့ လုပ်ဆောင်ချက် များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီ မညီ စိစစ်ခြင်း တို့ကို မှန်မှန်ကန်ကန် တိတိကျကျ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
  • အုပ်ချုပ်မှု ယန္တရားက ပြည်သူတွေရဲ့ လူနေမှုဘဝ၊ လူမှုစီးပွား ဘဝကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက် ပေးနိုင်မယ်ဆိုရင်၊ ပြည်သူ့ ဝန်ထမ်းများက ပြည်သူတွေကို မျှမျှတတ ဆက်ဆံမယ် ဆိုရင်၊ ပြည်သူတွေဟာ တရား ဥပဒေရဲ့ ကာကွယ် စောင့်ရှောက်မှု အောက်မှာ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်မယ် ဆိုရင် ဒီအုပ်ချုပ်ရေး မဏ္ဍိုင်ကို ဖော်ဆောင် ပေးထားတဲ့ အခြေခံ ဥပဒေကို ယုံကြည် အားကိုးမှာပဲ ဖြစ်ပါတယ်။ ဥပဒေပြုရေး လုပ်ငန်းတွေကို ဆောင်ရွက် ပေးနေတဲ့ ဥပဒေပြု အဖွဲ့အစည်းတွေ၊ ဥပဒေပြု အဖွဲ့အစည်း များမှာ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည် အားကိုးမှာပဲ ဖြစ်ပါတယ်။
    • မိန့်ခွန်း နာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားသော မိန့်ခွန်း (၃၁ မတ် ၂၀၁၁)
  • ကျနော့်ရဲ့ သဘောထားကတော့ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေး အရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာ ရှိသလို တဘက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမှုများ ရှိရန်လည်း လိုလားပါတယ်။
    • ၂၀၁၄ နှစ်သစ်ကူး မိန့်ခွန်း (၂ ဇန်နဝါရီ ၂၀၁၄)