Wq/my/သခင်ကိုယ်တော်မှိုင်း

From Wikimedia Incubator
< Wq‎ | myWq > my > သခင်ကိုယ်တော်မှိုင်း

[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆိုချက်များဖြစ်၍၊ မည်သည့် စာနယ်ဇင်းတွင်မျှ၊ ဤ မိန့်ခွန်းမပါဘူးသေးကြောင်း] (မူရင်းသတ်ပုံအတိုင်း)

ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ဝံသာနုစိတ်ဓာတ် ဝင်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ဝမ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ငှက်ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။

ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဉ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘဝကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။ တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။

ခြေလေးချောင်း သတ္တဝါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မဝင်ရဲဘူး။

ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။ ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။ အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဒါးမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။

အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက်ရောက်တဲ့ နွားနဲ့ တူနေကြတယ်။ အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။ ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ ကျုပ်တို့ အင်ပိုင်ယာ အပါအဝင်တွေဘဲ။

အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ဝမ်းနည်းဘွယ် ဘာမှ မရှိဘူး။ အင်္ဂလိပ်တွေလဲ ကျွန်ဘဝက တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရတာဘဲ။ ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ဝင်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။ လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။

လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။ ဦးပုညရေးတဲ့ စာတခုရှိတယ်။ ဝိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။ အဲဒီအထဲမှာ- ဝိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့တတ်သည်" လို့ ဆိုတယ်။ လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆိုသလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။ ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာတွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမဝင်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။ အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။ ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မတန်တူတယ်။ လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ်နေကြရတာဘဲ။ ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာတော့ စားကျက်လုနေတာ တွေ့ရတာဘဲ။ ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀ဝဝိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။ သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြုလွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။ တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "ဝုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။ ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။ ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။ အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။ ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေအောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။ အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်းတယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။ အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင်လောက်ပဲ။ ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။ သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။ စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။ တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။ အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထဝံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက်ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဓါးစာခံပေါ့လေ။ ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။ အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။ ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။ နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ- အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်းဘဲ။ အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ်ထားတယ်။ ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓာတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့... လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။ ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။ ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။ လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။ နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။ တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀ဝဝိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။ ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။ ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။ ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်' ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘဝနဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင်သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။ ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင်တောင် လာမှာဘဲ။ အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ဝိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။ ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသားတွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။ ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။ အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။ ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရဝမ်ဘဲ။ ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။ ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။ ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။ တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူးတယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။ "ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့" "ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။ ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။ ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြတဲ့ အကောင်တွေဘဲ။ အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်းဆောင်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။ အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရားပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။ အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။