Wq/my/ဂေါတမဗုဒ္ဓ

From Wikimedia Incubator
< Wq‎ | myWq > my > ဂေါတမဗုဒ္ဓ

ဂေါတမဗုဒ္ဓ (c. ၅၆၃ – c. ၄၈၃ ဘီစီ) သည် ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့သူဖြစ်သည်။

အဆိုအမိန့်များ[edit | edit source]

  • ခင်မင်မှုဆွေးမြည့်ခြင်း

(၁) အမြဲ ပူးပူးကပ်ကပ် ပေါင်းသင်းလွန်းသောကြောင့်လည်းကောင်း၊

(၂) မပေါင်းသင်းဘဲ ကင်းကွာလွန်းသောကြောင့်လည်းကောင်း၊

(၃)မတောင်းထိုက်သောအခါမျိုး၌ သူနှစ်သက်သောပစ္စည်းကို တောင်းသောကြောင့်လည်းကောင်း …. ဤအကြောင်းသုံးမျိုးကြောင့် ခင်မင်မှုဆွေးမြည့်ပျက်ပြယ်သွားတတ်သည်။

ထို့ကြောင့် အမြဲမပြတ်လည်း သူတို့ထံသို့ မသွားရာ၊ မသွားရောက်ဘဲ အချိန်ကြာကြာ ကင်းကွာ၍လည်း မနေရာ၊ လိုချင်စရာရှိလျှင် တောင်းထိုက်သောအခါကိုကြည့်၍ တောင်းရာ၏။ ဤသို့ လိုက်နာပြုကျင့်လျှင် ခင်မင်မှု မဆွေးမြည့် မပျက်စီးနိုင်ချေ။

  • အောင်မြင်ခြင်း

အောင်မြင်ပြီးနောက် တစ်ဖန်ပြန်၍ ရှုံးရသောင် အောင်မြင်ခြင်းသည် ကောင်းသောအောင်မြင်ခြင်း မဟုတ်။

အောင်မြင်ပြီးနောက် တစ်ဖန်ပြန်၍ မရှုံးသော အောင်မြင်ခြင်းသာ ကောင်းသောအောင်မြင်ခြင်း ဖြစ်၏။

  • ပျက်စီးခြင်း

ပစ္စည်းဥစ္စာများစွာ ရှိသောသူလျက် သူတစ်ပါးကို မမျှတဘဲ မိမိတစ်ယောက်တည်း သုံးဆောင်ခြင်းသည် ပျက်စီးခြင်း၏အကြောင်း ဖြစ်၏။

အမျိုးမာန်၊ ပစ္စည်းမာန် ခက်ထန်ပြီး မိမိဆွေမျိုးများကို မထီမဲ့မြင်ပြုခြင်းသည် ပျက်စီးခြင်း၏အကြောင်း ဖြစ်၏။

မိန်းမလိုက်စား၊ အရက်သောက်၊ ဖဲရိုက်ကာ ရသမျှကို ဖြုန်းတီးပစ်ခြင်းသည် ပျက်စီးခြင်း၏အကြောင်း ဖြစ်၏။

  • သံသရာ၏ ရှည်လျားခြင်း

ရဟန်းတို့ ဤရှည်စွာသော ကာလ၌ ဤဘဝမှ ထိုဘဝ၊ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သင်တို့သောက်စို့အပ်သော အမိနို့ရည်သည် များလှ၏။ မဟာသမုဒ္ဒရာလေးစင်း၏ ရေသည်မများလှပေ။

  • ဤလူကြီးလူမိုက်

ရဟန်းတို့ .... မွေးဖွားသည်မှ အသက်ရှစ်ဆယ်၊ ကိုးဆယ်၊ တစ်ရာဖြစ်၍ အသက်ကြီးသော်လည်း မပြောသင့်သောအခါ၌ ပြောဆိုတတ်သောသူ၊ မဟုတ်မမှန်သည်ကို ပြောတတ်သောသူ၊ အကျိုးနှင့် မစပ်သည်ကို ပြောတတ်သောသူ၊ အဆုံးအမနှင့် မစပ်သည်ကို ပြောတတ်သောသူ၊ မသင့်သောအခါ၌ ရည်ညွှန်းချက်မရှိ အပိုင်းအခြားမရှိ အစီးအပွားနှင့် မစပ်သော မမှတ်သားလောက်သည့်စကားကို ပြောတတ်သောသူဖြစ်လျှင် ထိုသူသည် "လူကြီးလူမိုက်" ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။

  • မြတ်သောစကား

တောဖွဲ့တောင်ဖွဲ့ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော စကားသည် အခွန်းတစ်ထောင်ရှိစေကာမူ မမြတ်။

ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်၍ အကျိုးရှိသော ပုဒ်တစ်ပုဒ်သည်သာ ပိုလွန်၍ မြတ်၏။

  • ကုသိုလ် နှင့် အကုသိုလ်

မကောင်းမှု ပြုသူသည် ဤဘဝ၌လည်း စိုးရိမ်ရ၏။ တမလွန်ဘဝ၌လည်း စိုးရိမ်ရ၏။ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်တို့၌လည်း စိုးရိမ်ရ၏။ ထိုမကောင်းမှုပြုသူသည် မိမိ၏ ညစ်နွမ်းသော ကံကို သိမြင်၍ စိုးရိမ်ရ၏။


ကောင်းမှု ပြုသူသည် ဤဘဝ၌လည်း ဝမ်းမြောက်ရ၏။ တမလွန်ဘဝ၌လည်း ဝမ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်တို့၌လည်း ဝမ်းမြောက်ရ၏။ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သော ကံကို သိမြင်၍ ဝမ်းမြောက်ရ အလွန်ဝမ်းမြောက်ရ၏။

  • ကြည့်ခြင်း

သူတစ်ပါးတို့၏ မလျော်သော အပြစ်အနာအဆာကို မကြည့်ရှုရာ။

သူတစ်ပါးတို့၏ ကောင်းမှု မကောင်းမှု ပြု မပြုကို မကြည့်ရှုရာ။

မိမိ၏ ကောင်းမှု မကောင်းမှု ပြု မပြုကိုသာလျှင် ကြည့်ရှုရာ၏။

  • သူမိုက်၏ အတတ်ပညာ

သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏။ ကုသိုလ်အဖို့အစုကို ဖျက်ဆီး၏။ ပညာဦးထိပ်ကို ပြတ်၍ ကျစေတတ်၏။

  • ကံစီမံရာ

သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကြသည်။ ကံ၏ အမွေခံ‌တွေဖြစ်ကြသည်။ ကံသာလျှင် ဆွေမျိုး၊ ကံသာလျှင် မှီခိုရာ ရှိကြသည်။ အယုတ်အမြတ် ချမ်းသာ ဆင်းရဲဖြစ်ရန် ကံသာလျှင် ဝေဖန်ပိုင်းခြား ပေးနေသည်။

  • ပညာရှိ

ပညာရှိမည်သည် မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါး အကြောင်းကြောင့်ဖြစ်စေ မကောင်းမှုကို မပြု။

မကောင်းမှုဖြင့် သားသမီး၊ ဥစ္စာတိုင်းပြည်ကို အလိုမရှိရာ။

မတရားမှုဖြင့် မိမိ၏ ပြည့်စုံမှုကို အလိုမရှိရာ။

ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ၊ ပညာရှိသူ၊ သီလရှိသူ ဖြစ်၏။[1]

  • မှန်သောစကား

မှန်သောစကားသည် ပျောက်ပျက်မသွားချေ။

ဤကား ရှေးအစဉ်အလာဖြစ်နေသည့် သဘာဝတရား ဖြစ်၏။

သူတော်ကောင်းတို့သည် မှန်သောအကျိုးအကြောင်း၌ ရပ်တည်၍ နေကြလေသည်။[2]

  • ကိုးကွယ်အားထားရာအမှန် သတ္တဝါအများစုနှင့် အနည်းစု
    1. မြတ်စွာဘုရားသည် ရဟန်းတို့အား "ရဟန်းတို့၊ ဤ ဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသော အာရာမ်၊ မွေ့လျော်ဖွယ်ကောင်းသော တော၊ မွေ့လျော်ဖွယ်ကောင်းသော မြေအရပ်၊ မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာရှိ၏။ စင်စစ်သော်ကား ချိုင့်ဝှမ်း၊ မြင့်မောက်သောမြေ၊ သွားလာရ ကူးရခက်သော မြစ်၊ သစ်ငုတ်ဆူးငြောင့်ရှိသော အရပ်၊ မညီညွတ်သောတောင်တို့သာ များသည်သို့ပင်၊ ကြည်းကုန်း၌ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏။ စင်စစ်သော်ကား ရေ၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏။"
    2. "ဤအတူပင်လျှင် လူ့ပြည်၌ဖြစ်သောသတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏။ အပါယ်ဘုံ၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏။ မဇ္ဈိမတိုင်းဇနပုဒတို့၌ဖြစ်ကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏။ တိုင်းစွန်ပြည်နား ဇနပုဒ်အရပ်၊ သစ္စာလေးပါးကိုမသိနိုင်ကုန်သော လူရိုင်းမိလက္ခုတို့၌ဖြစ်သော သတ္တဝါတို့သာများကုန်၏။"
    3. "ကောင်းစွာဆိုအပ်သောစကား၊ မကောင်းသဖြင့်ဆိုအပ်သောစကား၏ အနက်ကိုသိနိုင်ကုန်သော ပညာရှိ ပုဂ္ဂိုလ်တို့သည် အနည်းငယ်မျှသာဖြစ်ကုန်၏။ အနက်ကိုမသိနိုင်ကုန်သော သတ္တဝါတို့ သည်အနည်းငယ်မျှသာ ဖြစ်ကုန်၏။ အဝိဇ္ဇာအမိုက်တိုက် သို့ရောက်ကုန်၍ တွေဝေကုန်သော သတ္တဝါတို့သာ များကုန်၏။ မြတ်စွာဘုရားကိုဖူးမြော်ရကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာဖြစ်ကုန်၏။ မဖူးမြော်ရသောသတ္တဝါတို့သာ များကုန်၏။"
    4. "မြတ်စွာဘုရားဟောကြားအပ်သော ဓမ္မဝိနယကိုကြားနာရကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာဖြစ်ကုန်၏။ မကြားနာရသော သတ္တဝါတို့သာများကုန်၏။ ထိုသို့ ကြားနာရ၍တရားကို ဆောင်ထားကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာဖြစ်ကုန်၏။ တရားကို ဆောင်မထားကြကုန်သော သတ္တဝါတို့သာများကုန်၏။ ဆောင်ထားသော တရားတို့၏ အနက်ကို စုံစမ်း၊ စိစစ်ကြကုန်သောသတ္တဝါတို့သည် အနည်းငယ်မျှသာဖြစ်ကုန်၏။ မစံစုမ်း၊ မစိစစ်ကြကုန်သောသတ္တဝါတို့သာ များကုန်၏။"
    5. "ပါဠိတော်နှင့် အဋ္ဌကထာကိုသိ၍ တရားနှင့်လျော်သောအကျင့်ကို ကျင့်ကြကုန်သော သတ္တဝါတို့သည်အနည်းငယ်မျှသာဖြစ်ကုန်၏။ ပါဠိတော်နှင့် အဋ္ဌကထာကိုသိ၍ တရားနှင့်လျော်သော အကျင့်ကိုမကျင့်ကြကုန်သောသတ္တဝါတို့သာ များကုန်၏။ ထိတ်လန့်ခြင်းကိုဖြစ်စေတတ်သည့်ဇာတိစသော အကြောင်းတို့၌ ထိတ်လန့်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏။ ဇာတိစသော အကြောင်းတို့၌ မထိတ်လန့်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ ထိုသို့ထိတ်လန့်ကုန်သည်ဖြစ်၍ သင့်လျော်သော အကြောင်းအားဖြင့် အားထုတ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏။ အားမထုတ်ကြသော သတ္တဝါတို့သာများကုန်၏။"
    6. "နိဗ္ဗာန်ကို အာရုံပြု၍ မဂ်ဖိုလ်သမာဓိကို ရကြကုန်သော၊ စိတ်၏တည်ကြည်ခြင်းကိုရကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏။ နိဗ္ဗာန်ကိုအာရုံပြု၍ မဂ်ဖိုလ်သမာဓိကို မရကြကုန်၊ စိတ်၏တည်ကြည်ခြင်းကို မရကြကုန်သော သတ္တဝါတို့သာ များကုန်၏။ မွန်မြတ်သော ထမင်း၊ မွန်မြတ်သောအရသာတို့ကို ရကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏။ မွန်မြတ်သောထမင်း၊ အရသာတို့ကိုမရကြ၍ ခွက်လက်စွဲကာ တောင်း၍ရသော ထမင်းဖြင့်လည်းကောင်း၊ သစ်သီးကြီးငယ်ဖြင့် လည်းကောင်း မျှတကြရကုန်သော သတ္တဝါတို့သာ များကုန်၏။ မဂ်တည်းဟူသော အရသာ၊ ဖိုလ်တည်းဟူသော အရသာ၊ နိဗ္ဗာန်တည်းဟူသော အရသာကိုရကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တည်းဟူသော အရသာကိုမရကြကုန်သော သတ္တဝါတို့သာများကုန်၏။"
    7. "ရဟန်းတို့၊ ထိုသို့ဖြစ်သောကြောင့်ဤသာသနာတော်၌ ဤသို့လျှင် မဂ်တည်းဟူသော အရသာ၊ ဖိုလ်တည်းဟူသော အရသာ၊ နိဗ္ဗာန်တည်းဟူသော အရသာကိုရရှိသူတို့ ဖြစ်ကြကုန်အံ့ဟု ကျင့်ရမည်။

ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင်ကျင့်ရမည်" ဟု မိန့်တော်မူ၏။ [3]

ကိုးကား[edit | edit source]

  1. ဓမ္မပဒ၊ ပဏ္ဍိတဝဂ်၊ ဓမ္မိကတ္ထေရဝတ္ထု
  2. သုတ္တနိပါတ်၊ သုဘာသိတသုတ်
  3. အင်္ဂုတ္တိုရ်ပါဠိတော်၊ ဧကဓမ္မပါဠိ၊ စတုတ္ထဝဂ်